မိတ္ထီလာ ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပျော်ဘွယ်စံပြကျေးရွာတွင် စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအား စတုတ္ထကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများထုတ်ချေးခြင်း ကို ယမန်နေ့က အဆိုပါကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အိမ်ခြေ ၉၈ အိမ်၊ အိမ်ထောင်စု ၉၈စု လူဦးရေ ၅၅၄ ဦးရှိသည့် ညောင်ဇောက်ကျေးရွာအုပ်စု စတုတ္ထကြိမ်မြောက်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ် ပြီး ကျေးရွာမြစိမ်း ရောင်ကော်မတီဝင်များက ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင် ၄၈ ဦး နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၈ ဦးအား ထုတ်ချေးငွေ ကျပ် ၃၄.၅ သန်းကို ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း (၃၀၀)ကို ဆပ်/ထုတ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)