ထားဝယ်မြို့တွင် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ် ဒီဇင်ဘာ ၂၄

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ရှေးဦးပြုစုခြင်း ပညာသည် ကြက်ခြေနီအသင်း၏ အဓိကကျောရိုး မဏ္ဍိုင်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံ/ဆေးခန်းမရောက်မီ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပါ စောလျင်စွာ ကူညီပေးနိုင်ရန် ရည်ရွယ်ပါကြောင်း၊ အသင်နှင့်ခန္ဓာကိုယ်တည်မြဲစေရန်၊ အခြေအနေ ပိုမိုမဆိုးဝါးစေရန်၊ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန်၊ ဆေးအကူအညီအမြန်ဆုံးရယူနိုင်စေရန် စသည့်ရှေးဦးပြု စုခြင်း၏ ကောင်းမြတ်သောရည်ရွယ်ချက်ဖြစ်ကြောင်း။ သင်တန်းကို တက်ရောက်ကြမည့် ကျောင်းသား/သူ များအနေဖြင့် ပညာပြည့်ဝ၊ နုလုံးလှ၍ မိမိနှင့်မိမိ မိသားစု၊ ပတ်ဝန်းကျင်နှင့် အဖွဲ့အစည်း တစ်ခုလုံးစေတနာရှိစွာနှင့် ကူညီဆောင်ရွက်နိုင်ပေးနိုင်သော ပရဟိတ စိတ်အပြည့်ရှိသော နိုင်ငံသားကောင်း ရတနာ၊ သမီးကောင်းရတနာဖြစ်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မမလေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ထားဝယ်တက္ကသိုလ် ကြက်ခြေနီကော်မတီဥက္ကဋ္ဌ ဒေါက်တာညိုညိုက ကြိုဆိုနူတ်ခွန်းဆက်စကားနှင့်ကျေးဇူးတင်စကား ပြောကြားသည်။

ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် ဘာသာရပ်အသီးသီးမှ ကျောင်းသား/သူ(၆၇)ဦး တက်ရောက်ပြီး ဒီဇင်ဘာ ၃၁ ရက်‌ နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်း အတွင်း  တက္ကသိုလ် ဓမ္မာရုံ(၁၀၀×40) တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဓမ္မာရုံ သန့်ရှင်းသာယာလှပရေးနှင့် ထားဝယ်တက္ကသိုလ်တာဝန်ခံပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦး၏ လိုအပ်ချက်များ တင်ပြချက်အပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)