ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလို

ဘားအံ ဒီဇင်ဘာ ၂၄

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်း)မြန်မာ့သိုင်းပြိုင်ပွဲ၊ အလွတ်တန်းနှင့်အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်အားကစားသမားများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၈ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်သည်။

ဦးစွာအားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များအား တစ်ဦးချင်း မိတ်ဆက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာ့သိုင်းအားကစားနည်း၊ ပြေးခုန်ပစ် အားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့ယှဉ်ပြိုင်ရ မည့်အားကစားနည်းအလိုက် အကောင်းဆုံးဖြစ်အောင်၊ ပြည်နယ်၏ဂုဏ်ကိုဆောင်နိုင်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်ကစားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ အားကစားသမားများ၏ အောင်မြင်မှုများအလိုက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ပြုချီးမြှောက်မှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်ကို ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ရွှေ၊ ငွေ၊ ကြေး တံဆိပ်များကို ယခင်ပြိုင်ပွဲများထက် ပိုမိုရယူဆွတ်ခူးသွားနိုင်အောင် ကြိုးစားယှဉ်ပြိုင်ကစားပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်မြန်မာ့သိုင်းအသင်းနှင့် ပြေးခုန်ပစ်အသင်းထံသို့ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းစီကို ပေးအပ် ချီးမြှင့်ခဲ့ပြီး အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)