မြိတ် ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ Hotel Grand Jade တွင် ကျင်းပသည့် တိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ တက်ရောက်အမှာ စကားပြောကြားသည်။
အသိပညာပေးဟောပြောပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးရဲ့ပင်လယ်ပြင်အတွင်း ကျွန်းပေါင်း(၈၀၀)ကျော်တည်ရှိနေသည့် မြိတ်ကျွန်းစုအဝန်းအဝိုင်းအတွင်းမှာရှိနေသော သာယာလှပသည့် ကျွန်းနေရာတွေ၊ ကမ်းခြေနေရာတွေနဲ့ ရေပေါ်ရေအောက် သယံဇာတ အရင်း အမြစ်တွေဟာဆိုရင် ဒေသတွင်းနဲ့ ပြည်ပနိုင်ငံတွေမှာပါ ထင်ရှားကျော်ကြားနေပြီဖြစ်တဲ့ ခရီးသွားဆွဲဆောင်မှုအရင်းအမြစ်တွေဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာ သာယာလှပတဲ့ ပုံရိပ်တွေအဖြစ် ထင်ရှားကျော်ကြားတဲ့ ရေပေါ်ရေအောက် သဘာဝသယံဇာတတွေကို ပျက်စီးဆုံးရှုံး မှုမဖြစ်ပေါ်စေရန်နဲ့ ပျောက်ပျက်သွားခြင်းမျိုးမဖြစ်ပေါ်စေဖို့အတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းသွားဖို့ လိုအပ်ကြောင်း၊ လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိတို့ရဲ့လုပ်ငန်း ကြောင့် ပင်လယ်ပြင်အတွင်းက ရေပေါ်ရေအောက် သဘာဝသယံဇာတတွေ ထိခိုက်ပျက်စီးမှု မရှိစေဖို့ အမြဲဂရုစိုက်ပြီး လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ အရေးကြီးကြောင်း၊ ရေပေါ်ရေအောက် သဘာဝအရင်းအမြစ်တစ်ခု ပျက်စီးဆုံးရှုံးသွားပြီဆိုရင် အချိန်ကာလ အနည်းငယ်အတွင်း ပြန်လည် အစားထိုးဖြစ်တည်နိုင်ဖို့ မဖြစ်နိုင်တာကြောင့် နဂိုမူလအတိုင်း ပြန်လည်ဖြစ်ပေါ်လာနိုင်ဖို့ နှစ်ပေါင်းများစွာ ကြာမြင့်မှာဖြစ်ကြောင်း၊ ဒါကြောင့်သက်ဆိုင်သူလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့စီးပွားရေးလုပ်ငန်းရဲ့ သက်ရောက်မှုကြောင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတတွေအပေါ် ဆိုးကျိုးသက်ရောက်မှု မဖြစ်စေဖို့အတွက် အလေးအနက်ထားပြီး ဂရုတစိုက်လုပ်ကိုင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ပင်လယ်ရေအောက်ရှိ သက်ရှိသက်မဲ့ သယံဇာတများ၏ သဘာဝနှင့်ကာကွယ် ထိန်းသိမ်းခြင်းဆိုင်ရာ သိရှိလိုက်နာဆောင်ရွက်သင့်သည့် အချက်များနှင့်ပတ်သက်၍ မြိတ်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာချယ်ရီအောင်က ဆွေးနွေးပြောကြား ပြီး ပင်လယ်ကမ်းရိုးတန်းဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ သိရှိလိုက်နာဆောင် ရွက်သင့်သည့်အချက်များနှင့်ပတ်သက်၍ Funna & Flora International (FFI)မှ ပညာရှင် ဦးစိုးထွန်းက ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း၌ ပုလဲထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအပါအဝင် ပင်လယ်ကမ်းရိုးတန်းဂေဟစနစ်များ ထိခိုက်မှုမရှိစေရေးအတွက် ဌာနမှ ကြပ်မတ်လုပ်ကိုင် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းတိုင်းဒေသကြီးတာဝန်ခံ ဦးမျိုးလွင်က ဆွေးနွေးပြောကြားပြီး ငါးလုပ်ငန်းဆိုင်ရာနှင့်ဆက်နွယ်ပြီး လုပ်ကိုင်ဆောင် ရွက်နေသူများမှ ပင်လယ်ရေအောက်ရှိ သက်ရှိသက်မဲ့သယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ သိရှိ လိုက်နာဆောင် ရွက်သင့်သည်များအပါအဝင် ဌာနမှကြပ်မတ်လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ငါးလုပ်ငန်း ဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးက ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းအကြံပြုကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြ၍ ဆွေးနွေးဟောပြောပေးခဲ့ကြသည့် ဘာသာရပ်အလိုက် ပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ခံများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်းများကို ဝန်ကြီးချုပ် ဦးမြတ်ကိုမှ ပေးအပ်ချီးမြှင့်ပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်