လင်းခေး ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်နှင့် မြို့နယ်များအတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သူများအနက် မှတ်ပုံတင်ပြည့်စုံသူများ (Cross Check) ပြုလုပ်ခြင်းမှ ရရှိသည့် လူဦးရေစာရင်းတွင် မှတ်ပုံတင်ထပ်နေသူ၊ အမည်ထပ်နေသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက်၉နာရီက လင်းခေးခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း မ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးသန်းစိုးက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ထိုသို့ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအား ကျင်းပပေးမည်ဖြစ်သောကြောင့် မဲဆန္ဒရှင်များအနေဖြင့် လွတ်လပ်ပြီး ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုဆောင်ရွက် လျက်ရှိရာ မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်ရေးလုပ်ငန်းများ အလေးအနက်ထား ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်း မဲစာရင်းပြု စုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး ပြန်လည်တိုက်ဆိုင် စစ်ဆေးခြင်းဆိုင်ရာ အစည်းအဝေးအား ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးစွာ အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှမေလအတွင်း ဆောင်ရွက်ခဲ့ပြီး ရရှိလာသော စာရင်းများအပေါ် အခြေခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ လစဉ်တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ရှမ်းပြည်နယ်အတွင်း ဥပဒေနှင့်အညီ နေထိုင်သည့် လူဦးရေစာရင်းက်ု မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross Check) စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိလာသော (၂/၃/၄/၅)ကြိမ် ထပ်မဲဆန္ဒရှင်များရှိကြောင်း၊ ယင်းစာရင်းများ မှန်ကန်စေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ နတို့မှ စိစစ်၍ အမြန်ဆုံး ပြီးစီးနိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို (PowerPoint) ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး လင်းခေးခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းတင်မိုးဆွေက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ဆက်လက်ပြီး လင်းခေးမြို့နယ် မြို့ပေါ် ၃ ရပ်ကွက်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထပ်နေသူ၊ လဝကပုံစံ (၆၆/၆) အထစ ထပ်နေသူများအား စိစစ်ခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်း (တောင်) တာဝန်ခံ ဦးသန်းစိုး၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရပ်ကွက် /ကျေးရွာများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူ ဦးစီးအရာရှိများ စုစုပေါင်းအင်အား (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
စိုင်းဇော်လတ်(ပြန်/ဆက်)