ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ အခြေခံလူဦးရေစာရင်းစိစစ်ခြင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

လားရှိုး ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား Cross Check စနစ်ဖြင့် စိစစ်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရှမ်း/မြောက်)တာဝန်ခံ ဦးမြင့်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုးလင်းအောင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးနှစ်ဆန်းဦး၊ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်အဆင့်မှ ရွေးကောက်ပွဲအရာရှိများ၊ လားရှိုးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ စုစုပေါင်းအင်အား (၁၂၀)ဦးခန့် တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရှမ်း/မြောက်)တာဝန်ခံ ဦးမြင့်ဦးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်များအတွင်းရှိ ဥပဒေနှင့်အညီနေထိုင်သော လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း Cross Check စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိလာသော(၂/၃/၄/၅) ကြိမ်အထက် မဲဆန္ဒရှင်စာရင်းများထပ်နေမှုကိုစိစစ်၍ အမြန်ဆုံးပြီးစီးနိုင်ရေး Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရှမ်း/မြောက်)တာဝန်ခံ ဦးမြင့်ဦးမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)