သာစည်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ  ကျင်းပ

သာစည် ဒီဇင်ဘာ ၂၃ 

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  (၇၅)နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အားကစားပြိုင်ပွဲများနှင့် လွတ်လပ်ရေးနေ့၌   အပြေးပြိုင်ပွဲများ၊ ပျော်ရွှင်ဖွယ်ရာ ကစားပွဲများကို     မြို့နယ်အားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  မြို့နယ်အားကစားနှင့်ကာယပညဦးစီးဌာနက  သိရသည်။        

အားကစားပြိုင်ပွဲများတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်ပြီးဘော်လီဘောပြိုင်ပွဲကို   ဒီဇင်ဘာ ၃၁ ရက်နှင့်ဇန်နဝါရီ ၁ ရက်နေ့တို့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသင်းများဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်ဌာနဆိုင်ရာ အသင်းများက ဇန်နဝါရီ  ၂  ရက်နှင့်  ၃ ရက်နေ့တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရပြီး  အဆိုပါ အထိမ်းအမှတ်အကြို  ပြိုင်ပွဲများမှ   ဆုရရှိသည့် အသင်းများကို  မြို့နယ်မှ ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက်    စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနား၌   ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးဟိန်းဇာထွန်းထံက သိရသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၄ ရက် (၇၅)  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် အပြေးပြိုင်ပွဲများ၊ အိတ်စွပ်ပြေး၊ ခေါင်းအုံးရိုက်၊ အာလူးကောက်၊ ချောတိုင်တက် စသည်ဖြင့် အားကစားပြိုင်ပွဲများနှင့်ပျော်ရွှင်ဖွယ်ကစားပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ် (ပြန်/ဆက်)