လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်ရေးမှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား မိတ္ထီလာမြို့နယ် ပညာရေးကောလိပ်တွင် ကျင်းပ

မိတ္ထီလာ  ဒီဇင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ပညာရေးကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်တဲ့ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းသည် လွန်စွာအရေးကြီးတဲ့ သင်တန်းဖြစ်ပါတယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲမှ အရေးကြီးဆုံးလုပ်ငန်းဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေးသည် အဓိကအရေးကြီးတဲ့ ကဏ္ဍမှာပါဝင်နေပါတယ်၊ ဒါကြောင့် မဲစာရင်းမှန်ကန်ရေးအတွက် လူဦးရေစာရင်းများမှန်ကန်ရေး နိုင်ငံတော်က မြေပြင်ကွင်းဆင်းစာရင်းများ ကောက်ယူရေးကြီးကြပ်မှုကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်းထားပြီး ယခုသင်တန်းမှတစ်ဆင့် စာရင်းကောက်ယူမည့်အဖွဲ့များအား လက်တွေ့လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ဖို့အတွက် ဆက်လက်ပြီး သင်တန်းဖွင့်လှစ် ပို့ချပေးသွားရမှာဖြစ်ပါတယ်၊ ဒီသင်တန်းကို တက်ရောက်လာကြတဲ့ သင်တန်းနည်းပြများအနေနဲ့ မြို့နယ်များမှ နည်းပြများအဖြစ် စာရင်းကောက်များအား သင်တန်းဆက်လက်ပို့ချတဲ့နေရာမှ မြို့နယ်အဆင့်ဆင့် စာရင်းကောက်လက်စွဲစာစောင်မှာ ဖော်ပြထားတဲ့ စာရင်းကောက်သူတဲ့ လုပ်ငန်းတာဝန်ကို မြေပြင်မှာ လက်တွေ့ဆောင်ရွက်မည့်အချက်များကို နည်းပြကိုယ်တိုင်း သေသေချာချာကြေကြေညက်ညက် လေ့လာမှတ်သားပြီး စာရင်းကောက်များအား အသေးစိတ်ပြန်လည်ပို့ချပေးနိုင်ဖို့ လိုအပ်ပါတယ်၊ ဒါမှသာမြေပြင်မှာ လက်တွေ့စာရင်းကောက်များအနေနဲ့ မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများသည် နိုင်ငံတော်အတွက် အထူးအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ခံယူချက်အပြည့်နဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ဗဟိုကော်မတီရဲ့သတ်မှတ်ချက် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျလိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး လူမှုရေးဝန်ကြီးက သင်တန်းဆိုင်ရာများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသားသင်တန်းသူ ၅၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။         

သိန်းမြင့်ကျော်(မိတ္ထီလာ)