နမ့်ဆန် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ဇယန်းကြီးရွာမဘုန်းတော်ကြီးကျောင်း၌ နေရပ်စွန့်ခွာရောက်ရှိနေကြသော ဟူးမန်းကျေးရွာအုပ်စု ကုန်းသာကျေးရွာမှ ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း မြို့နယ်ကြက်ခြေနီအသင်းခွဲ သူနာပြုတပ်ဖွဲ့ဝင် စေသနာလုပ်အားရှင်များက ပေါက်ကွဲစေတတ်သော စစ်လက်နက်ကြွင်းကျန် ပစ္စည်းများ အန္တရာယ်နှင့် ထိခိုက်မှုလျှော့ပါးရေး ဟောပြောပွဲကို ဇယန်းကြီးကျေးရွာ ဇယန်းကြီးဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ၊ တပ်ဖွဲမှူးဦးခင်မောင်က နေရပ် စွန့်ခွာ ပြည်သူလူထုအား စိတ်ပိုင်းဆိုင်ရာအားပေးခြင်း၊ နှစ်သိမ့်ခြင်းများပြောကြားပြီး စစ်လက်နက် ကြွင်းကျန်ပစ္စည်းများ အန္တရာယ်နှင့် ထိခိုက်မှုလျော့ပါးရေး ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး၊ ဒုတပ်ဖွဲ့မှူး ဦးသိန်းကျော်က မိမိနေရပ်သို့ပြန်ရောက်လျှင် လက်ဖက်ခြံများတွင်လည်ကောင်း၊ သွားလာနေသည့် လမ်းများတွင်လည်ကောင်း၊ မည်သည့်နေရာတွင်မဆို ပေါက်ကွဲပြီးသော/ မပေါက်ကွဲသေးသော စစ်လက်နက်ကြွင်းကျန်ပစ္စည်းများ တွေ့ရှိလျှင် ချက်ချင်းသက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူ အသီးသီးထံ အကြောင်းကြားရမည်ဖြစ်ကြောင်း အကျယ်တဝင့် ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲတွင် နေရပ်စွန့်ခွာ ပြည်သူလူထု အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂၇ဦးနှင့် ကလေးသူငယ် ကျားမပေါင်း ၂၃ဦး၊ စုစုပေါင်း ၆၅ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ ဆက်