မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုခန်းမ၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေး အထောက်အကူပြုသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

မိုင်းရယ်   ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ မွေးမြူရေး အထောက်အကူပြုသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က မြို့နယ်ရှိ ဒေသခံ ပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည့် အတွက် ယခုသင်တန်းသည် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးသည့် မွေးမြူရေးစောင့်ရှောက်မှု အသိပညာများကို သေချာနားလည်စွာ သင်ယူခြင်းဖြင့် မိမိကျေးရွာ များသို့ ပြန်လည်ရောက်ရှိပါက ပြန်လည်အကျိုးပြုနိုင်ရန် မျှော်လင့်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာချယ်ရီအောင်သင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ မိုင်းရယ်မြို့နယ်ရှိ ကျေးရွာ (၁၀) ရွာမှ သင်တန်းသား ၁၀ ဦး တက်ရောက်ခဲ့ကြပြီး ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ကျွဲ၊နွားမွေးမြူရေးဆိုင်ရာ နည်းလမ်း များကို ဒီဇင်ဘာ ၂၃ မှ ၂၇ ရက်နေ့အထိ အသိပညာပေးပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။        

မိုင်းရယ် (ပြန်/ဆက်)