မိုးနဲ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အခြေခံပညာအထက်တန်းအဆင့် အမျိုးသား၊အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက မျိုးဆက်သစ် အားကစားသမားများနှင့် မြို့နယ်အဆင့်မီ စစ်တုရင်အားကစား သမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေး၊ မြန်မာ့စစ်တုရင် အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် လွတ်လပ်ရေးနေ့ကို ပြည်သူများနှင့် ကျောင်းသား ၊ ကျောင်းသူများ မှတ်မှတ်ထင်ထင် သိရှိနေရန် ပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ စစ်တုရင်အားကစား နည်းသည် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုကို အခြေခံထားသော အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ မြို့နယ်အဆင့် အင်အားဖြည့်တင်းပေးနိုင်မည့် မျိုးဆက်သစ်လူငယ် စစ်တုရင် အားကစား သမားကောင်းများ ပေါ်ထွက်လာအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး စစ်တုရင်ပြိုင်ပွဲကိုစတင်ကျင်းပခဲ့ရာ ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲသို့ အခြေခံပညာ အထက်တန်းအဆင့် အမျိုးသား ၁၀ ဦး ၊အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိကြမည့် ပြိုင်ပွဲဝင်များအား (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ မြို့နယ်အဆင့် အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)