လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ စစ်ဆေးရေးဂိတ်များအား ကြည့်ရှုစစ်ဆေး

လိုင်လင်းပီ စက်တင်ဘာ ၂၃

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်  အစဉ်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ထိုက် ဦးဆောင်၍ မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ စစ်ဆေးရေးဂိတ်များ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်/ထွက် ဂိတ်နှစ်ခု ချထား၍ ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင် မှတ်တမ်းများ ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိတို့ကို နေ့စဉ်စစ်ဆေး လျက်ရှိပြီး မြို့တွင်းလမ်းဆုံ နေရာ၌လည်း မြို့တွင်းသွားလာသူများကို နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိရာ အဆိုပါဂိတ်များသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ ကြည့်ရှု စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး နှာခေါင်းစည်း(Mask)များ ထပ်မံ ဖြည့်ဆည်း ပေးခဲ့ကြသည်။

လိုင်လင်းပီမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းမှ ထုတ်ပြန် ကြေညာ ထားသည့် ဒေသန္တရ အမိန့်များကို ပြည်သူများ သိရှိလိုက်နာမှု ရှိစေရန်အတွက် မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ နေ့စဉ် အသံချဲ့စက်ဖြင့် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ယာကမ်(ပြန်/ဆက်)