သိန္နီမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်နိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သိန္နီ    ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့မှ (၄) ရက်နေ့အထိ ကျင်းပပြုလုပ်ရန် လျာထားပါကြောင်း၊ ပြုလုပ်မည့်ပြိုင်ပွဲအမျိုးအစားများ၊ ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကော်မတီများ ဖွဲ့စည်းထားမှုအခြေအနေများ၊ ရပ်ကွက်နှင့်ကျေးရွာများရှိ သက်ဆိုင်ရာ အားကစားအသင်းများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ပါဝင် ယှဉ်ပြိုင်နိုင်ရေး ပူးပေါင်း၍ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေ များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများ (၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)