တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း (Youth Talk) ပြုလုပ်

တာချီလိတ် ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေးကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း(Youth Talk)ကို ယနေ့နံနက် (၁၀) နာရီက အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ထွေးက မိမိတို့ဌာနအနေဖြင့် နယ်စပ်ဒေသမှ တိုင်းရင်းသား လူမျိုးများလူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်စေရေး မူဝါဒများချမှတ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အနာဂတ်လူငယ်များအနေဖြင့် စာပေဖတ်ရှု့လေ့လာခြင်း အကျိုးကျေးဇူးရရှိစေလိုသောကြောင့် ယခုလို စကားဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ယင်းနောက် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနာယက ဦးစိုးစိုးက လူငယ်နှင့် စာဖတ်ခြင်းအကြောင်းအား ဆွေးနွေးပြောကြားရာ သင်တန်းသူများဖြစ်သည့် မလူဒီးက စာကျက်ခြင်းနှင့်စာဖတ်ခြင်း ကွဲပြားခြားနားပုံကိုလည်းကောင်း၊ မနန်းမိနွတ်က စာဖတ်ခြင်း အကျိုး ကျေးဇူးကို လည်းကောင်း၊ မစုစန္ဒာထွန်းက ယနေ့ခေတ်လူငယ်များအကြောင်း စသည်တို့ကို လည်းကောင်း မေးမြန်းဆွေးနွေးရာ ဆရာဦးစိုးစိုးမှမေးမြန်းချက်များအား ပြန်လည်ဆွေးနွေးရှင်းလင်းဖြေကြားပေးခဲ့သည်။

ဆက်လက်၍ တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဦးသန်းဇော်ဦးမှ လူငယ်နှင့် အောင်မြင်ရေး၊ အောင်မြင်ခြင်းနှင့် ပျော်ရွှင်ခြင်း ဆက်စပ် နေပုံတို့အားဆွေးနွေးပြောကြားရာ သင်တန်းသူတစ်ဦးဖြစ်သည့် မဘူးညွန့်က အောင်မြင်ဖို့အတွက် အဓိကလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်နှင့် သိလိုသည့်အချက်များ အားဖြည့်စွက် မေးမြန်းရာ ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့သည်။

 ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လာမည့် ဇန်နဝါရီ  (၄) ရက်နေ့ တွင်ကျရောက်မည့်  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသ ခဲ့ကြကြောင်း သိရသည်။

အေးအေးလတ်