နမ့်စန်တွင် လူထုအခြေပြုငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်းမြို့နယ်အဆင့် အသိပေးညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နမ့်စန်() ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသားငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်း၍ UNOPS/GF RAI 3E ရန်ပုံငွေအထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ‘လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း’ မြို့နယ်အဆင့် အသိပေးညှိနှိုင်းဆွေးနွေးပွဲ (Coordination Meeting At Township Level 2022)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန( Community Centre) တွင် ယနေ့ နံနက် ၁၁နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းချိုသန္တာလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးအယ်လ်လီဇာက ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း ပြည်နယ်ရုံးဝန်ထမ်း Programme assistant ဒေါ်နန်းဆိုင်ဆွမ်းက စီမံကိန်းရည်ရွယ်ချက်၊ မြို့နယ်အတွင်းစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အဓိကစီမံချက်လုပ်ငန်းများ၊ လအလိုက်လုပ်ငန်းများလျာထားမှုနှင့် ဆောင်ရွက်နိုင်မှု၊ ကြုံတွေ့ရသောအခက်အခဲများနှင့် တောင်းခံလိုသော အကူအညီများကို ရှင်းလင်းပြောကြားခဲ့ပြီး  တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲကို နံနက် ၁၁နာရီမှ နေ့လည် ၁၂ နာရီခွဲအထိ ဆောင်ရွက်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းလူထုအခြေပြုငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်း နမ့်စန်မြို့နယ်ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူ အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၅ ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။                                                                                                                     သူရအောင် (ပြန်/ ဆက်)