ကျောက်ဆည်မြို့ အ.ထ.က-၁ ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူသားအရင်းအမြစ်ဆုံးရှုံးမှုမရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ လူကုန်ကူးမှုမခံရစေရေး၊ ယနေ့နံနက်(၁၀)နာရီက သုံးထပ်ဆောင်အစည်အဝေးခန်းမဆောင်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်(၁) ဒေါ်ပေါက်ပေါက်က လူကုန်ကူးမှုသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ဦးက အခြားသူတစ်ဦးတစ်ယောက်ကိုဖြစ်စေထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ခေါင်းပုံဖြတ်ခြင်းပြုရန်အတွက် လူအများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ လက်ခံခြင်းကိုဆိုလိုကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်လင်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အမှတ်(၁၁)လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့စုမှ ရဲမှူးခင်မောင်သိန်းက လူကုန်ကူးမှုပြဿနာ၏ နောက်ခံသမိုင်းကြောင်းများ၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းနှင့်ပုံစံများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် လူကုန်ကူးမှုဖြစ်မြောက်စေသော ပြစ်မှုအင်္ဂါရပ်များအကြောင်း အသီးသီးအသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်ခရိုင် ဒုတိယဥပဒေအရာရှိ ဒေါ်ခင်နှင်းဌေးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအကြောင်းများနှင့် လူကုန်ကူးခံရပြီး ခေါင်းပုံဖြတ်ခံရခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့စေခိုင်းခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး Grsde-10 မှ ကျောင်သူမသက်မေမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အသိပညာပေးဟောပြောပွဲအပြီးတွင် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်(ခရိုင်၊ ပြန်/ဆက်)