ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟော ပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ

ရန်ကင်း ဒီဇင်ဘာ ၂၁

 ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်းကျင်းပသည့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ဆရာကြီး ဦးအောင်မြတ်စိုးကအဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမာသည့်အခါတွင် ပိုသိရှိရသကဲ့သို့လွတ်လပ်ခြင်း၏ တန်ဖိုးအနှစ်သာရကိုလွတ်လပ်ရေး ဆုံးရှုံးသည့်အခါတွင် ပိုမိုသိရှိရမည်ဖြစ်ကြောင်းနှင့် မြန်မာတို့၏ အသက်သွေးချွေးပေါင်းများစွာဖြင့် တည်ဆောက်ထားခဲ့ရသည့် လွတ်လပ်ရေးဗိမာန်ကြီးကို ရွှေရောင်တဝင်းဝင်းနှင့် မိုးယံသို့တိုင် မြင့်သီခေါင်းဖျား ကြွားကြွားဝင့်ဝင့်တင့်တင့်တယ်တယ် လှပထည်ဝါ ခိုင်မာတောင့်တင်းစေရန်အတွက် မျိုးဆက်သစ် လူငယ်လူရွယ်များက လက်ဆင့်ကမ်းတာဝန်ယူ တည်ဆောက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ အမှတ်(၃၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးမျိုးဇော်ထွန်းက လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရန်၊ စည်းကမ်းပြည့်ဝသော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်ပါ မော်တော်ယာဉ်မောင်းနှင်သူများ၊ ခြေလျင်လျှောက်သူများ၊ လမ်းဖြတ်ကူးသူများ၊ စက်ဘီး၊ ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာ ရန် စည်းကမ်းများနှင့် ယာဉ်စည်းကမ်း မလိုက်နာသည့်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အချက် များအား အသိပညာပေးဟောပြောခဲ့သည်။

သို့ဖြစ်ရာ အသိပညာပေးဟောပြောပွဲသို့ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊  မြို့နယ်စာရေးဆရာအသင်းဥက္ကဌ၊ စာရေးဆရာမ မြမဥ္ဇူဝေ၊ စာရေးဆရာမ မအေးပွင့်၊ ဆရာမင်းသန်းနိုင်(မုဒုံ)၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရန်ကင်းမြို့နယ်အား ကစားမှူး၊  ရန်ကင်းပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသား/သူ (၅၆၀)ဦး တက်ရောက်ခဲ့ပြီး၊ ယာဥ်စည်းကမ်း၊ လမ်းစည်း ကမ်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုစာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များအား ပြသထားမှုကို ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)