မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများအတွက် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

မန္တလေး ဒီဇင်ဘာ ၂၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများစွမ်းရည်မြှင့်မားစေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်စေရန်အခြေခံ အင်္ဂလိပ်စကားပြောနည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီတွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဆွေးနွေးပြီး သင်တန်းနည်းပြ ဆရာဟာမိုနီက ဝန်ထမ်းတိုင်း အင်္ဂလိပ်စာအခြေခံကို ပညာဒါနအဖြစ်မျှဝေသင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ အင်္ဂလိပ်စကား‌ပြောခြင်းသည် မရှိမဖြစ်ဘာသာစကားစွမ်းရည်များကို တည်ဆောက်ရာတွင် အထောက်အပံ့ပြုသည့် ဘာသာရပ်တစ်ခုဖြစ်ပါကြောင်း၊ ဝန်ထမ်းတိုင်းတတ်မြောက်ထားသင့်သည့် ဘာသာရပ်ဖြစ်ပါကြောင်း၊ မိမိတို့စာကြည့်တိုက်အား ပြင်ပနိုင်ငံခြားသားများ လာရောက်လေ့လာကြည့်ရှု့ပါက နွေးထွေးစွာကြိုဆိုနှုတ်ဆက်နိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံအဆင့်ကို တစ်ပတ်လျှင် နှစ်ရက်ခန့်လာရောက်ပို့ချမည်ဖြစ်ကြောင်းဆွေးနွေးပြီး လူတစ်ဦးနှင့်တစ်ဦးစတင်တွေ့ဆုံချိန် မိတ်ဆက်နည်း၊ စကားပြောနည်းအခြေခံကို စတင်သင်ကြားပါသည်။

အဆိုပါသင်တန်းကို အပတ်စဉ် ကြာသပတေး၊ သောကြာနေ့တိုင်းပို့ချဆွေးနွေးမည်ဖြစ်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်း (၁၀)ဦးတက်ရောက် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)