ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၌ မိုးစပါးစံကွက်များရိတ်သိမ်းနှင့်သစ်စိမ်းမြေ ဩဇာစမ်း သပ်ကွက်ပညာပေးခြင်းများဆောင်ရွက်

ညောင်ဦး  ဒီဇင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ တောင်ဖက်တန်းကျေးရွာ ကွင်းအမှတ်(၁၃၃၆)၊ ဦးပိုင်အမှတ်(၄၆၊ ၂၉/၂)တောင်သူနှစ်ဦး တို့၏မိုးစပါးစိုက်ခင်းများတွင် အထွက်နှုန်းကိုယ်စားပြု စံကွက်ရိတ်သိမ်းခြင်းများအတွက် (၀.၁၀)စံကွက် (၂)ကွက် ၊ (၀.၀၀၁)စံကွက် (၃)ကွက် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉နာရီ အချိန်က ပြုလုပ်ခဲ့သည်။

စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခစပါးမျိုးစိုက်ခင်းများကိုရိတ်သိမ်းခဲ့ကြပြီး (၀.၁၀)စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်းမှာ အစို (၁၃၀)တင်းနှင့်(၁၃၈)တင်းထွက်ရှိ ခဲ့ကြောင်း (၆.၆) ပေ (၃)ကွက်ပျှမ်းမျှအထွက်နှုန်းမှာ (၁၂၅)တင်းထွက်ရှိခဲ့ကြောင်းသိရသည်။ ယခင်နှစ် ညောင်ဦး မြို့နယ် မိုးစပါးစိုက်ပျိုးချိန်တစ်လျှောက်တွင် မြစ်ရေတင်မှရေရ ရှိမှုမှန်ကန်ခြင်း၊ ပိုးရောဂါကျ ရောက်မှုကင်းစင်ခြင်းနှင့်ပန်းပွင့်ချိန်၊ ရိတ်သိမ်းချိန်၊ မိုးရွာသွန်းမှုကင်းလွတ်ခြင်း၊ စိုက်စနစ်မှန်ကန်ခြင်းတို့ကြောင့်မိုးစပါးအထွက်နှုန်းကောင်းမွန်ခဲ့ကြောင်းလည်း သိရသည်။

မိုးစပါးရိတ်သိမ်းချိန် ဆင်းသုခ၊မနောသုခစပါးများ၏ ဈေးနှုန်းမှာလည်း (၁၂၅၀၀၀) ဈေးနှုန်း ရောင်းချရမှုကြောင့် တောင်သူများဝင်ငွေ အကျိုးအမြတ်များစွာခံစားခဲ့ရ ကြောင်းတောင်သူ တစ်ဦးကပြောကြားသည်။စံကွက်ရိတ်သိမ်းပွဲတွင် ရိတ်သိမ်းပြီးစပါးများ၏ အစိုဓာတ်တိုင်းတာ ပြသခြင်းကို moisture meter အသုံးပြု၍ပြသခဲ့ပြီး မျိုးစပါးအတွက် သိုလှောင်မှုတွင် ရှိသင့်သည့်အစိုဓာတ်နှင့်ရိတ်သိမ်းချိန်လွန်နည်းပညာကို တောင်သူများသို့ ဆွေးနွေးပညာပေးခဲ့ ကြောင်း၊ရိတ်သိမ်းပြီး စပါးခင်းများတွင်သစ်စိမ်းမြေဩဇာ စမ်းသပ်ကွက် (၅.၀၀)ဧကနှင့် မျိုးစေ့ ထုတ် (၂.၀၀)ဧက စိုက်ပျိုးရန်ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူ(၅)ဦးအားပေးအပ်ခဲ့ပြီး စိုက်ပျိုးမည့်မြေများမှ မြေနမူနာယူခြင်း၊မြေ နမူနာတွင် မစိုက်ပျိုးမည်အချိန် NPK ပါဝင်မှု Soil Text Box ဖြင့်စမ်းသပ်ပြသခြင်း၊ Soil PH ကို PH Meter အသုံးပြု၍ တိုင်းတာပြသခြင်းများ ကိုလက်တွေ့သရုပ်ပြခြင်းတို့ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

သစ်စိမ်းမြေဩဇာစမ်းသပ်ကွက် (၅.၀၀)ဧကကို ပိုက်ဆံလျှော်စိုက်ပျိုးပြီး (၄၂)ရက်သားတွင် ထယ်ထိုးမြေမြုပ်၍ ဆွေးမြေ့ချိန်တွင် ထပ်မံစမ်းသပ်၍ ရရှိလာမည့်အကျိုးကျေး ဇူးတိုးတက်လာမည့် NPK နှင့်PHတို့အားထပ်မံစမ်းသပ်၍ပညာပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုး ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီကရှင်းပြသည်။

စံကွက်ရိတ်သိမ်းပွဲသို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုကြေးမုံ