ပင်းတယ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပင်းတယ ဒီဇင်ဘာ ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက သစ်အယ်ပင်ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးလင်းထွဋ်ခိုင်က သင်တန်းသား/ သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်၊ ဒေသအသေးစား စက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကွန်ပျူတာသင်တန်းကို သင်တန်းသား/သင်တန်းသူ (၁၅)ဦး တက်ရောက်ပြီး ဒီဇင်ဘာလ (၇)ရက်နေ့မှ (၂၁)ရက်နေ့အထိ သင်တန်းနည်းပြဆရာမ(၂)ဦးဖြင့် သင်တန်းဆိုင်ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)