ကျွန်းစု ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မူလတန်းကြိုကျောင်း၏ ကျောင်းတွင်း ကာယ စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ကျွန်းစုမူလတန်း ကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တန်းခွဲ(A) မှ သမီးငယ်လေးများက “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” သီချင်းဖြင့် လည်းကောင်း၊ တန်းခွဲ(B) မှ သားငယ်လေးများ က “လမ်းလျှောက်မယ်” သီချင်းဖြင့် လည်းကောင်း ကပြဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သော အရောင်ရွေးပြိုင်ပွဲ၊ ရိုးရိုးပြေးပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ခေါင်းအုံးရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ရေဗူးဖြည့်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ရာ မူကြိုကျောင်းရှိ အကြီးဆင့်၊ အငယ်ဆင့် သားငယ်လေးများနှင့် သမီးငယ်လေးများက အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ သားငယ်လေးများနှင့် သမီးငယ်လေးများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်သီနွဲ့နှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)