မလှိုင်မြို့နယ် ထန်းပင်ကန်ကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေးပြီး အချိုးကျကိုယ်စားပြု(PR)စနစ်အကြောင်းချပြရှင်းလင်း

မလှိုင်  ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ထန်းပင်ကန်ကျေးရွာအုပ်စု၊ ထန်းပင်ကန်ကျေးရွာ ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အောင်မြင်ရတနာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  အဖွဲ့ဝင်(၂)ဦးအောင်ကျော်သူ ကဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးရန်ပြောကြားခဲ့သည်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ(၂)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်သည့် လမ်းရရှိရေးကဏ္ဍ(၁)ခု၊ ပညာရေးကဏ္ဍ(၄)ခု၊ ကျန်းမာရေးကဏ္ဍ(၁)ခု၊ စုစုပေါင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်သည့်လုပ်ငန်း(၆)ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ်သက်ဆိုင်ရာဌာနများမှကဏ္ဍအလိုက် ပြန်လည်ရှင်း လင်းဖြေကြားဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (မြို့နယ်ဦးစီးမှူးရုံး)မှ နိုင်ငံသားစိစစ်ရေးကဒ်အသစ်(၁၃)ဦးပြုလုပ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)နှင့် တာဝန်ရှိသူများက ကာယကံရှင်များထံ ပေးအပ်ခဲ့သည်။

ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ကျော့ကျော့ခိုင်မှ ဒေသခံပြည်သူများအား၂၀၂၃ခုနှစ်ရွေးကောက် ပွဲကို အချိုးကျကိုယ်စားပြုစနစ်(Proportional Representation)ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်၍ PR စနစ်အကြောင်းကိုရှင်းလင်း ပြောကြားခဲ့ သည်။ ထိုနောက် အခမ်းအနားတက်ရောက်လာသူဒေသခံ ပြည်သူ(၂၀၀) ဦးအနက် (၁၉၀ )ဦးတို့အား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး (Booster) ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)