သရက်ချောင်း ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191) စတေကာပြားများကပ်ခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ မြို့မစျေး၊ ကားဂိတ်နှင့် ပန်းတောလမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့သည်။
မီးဘေးလုံခြုံရေးပညာပေးစာစောင်တွင် မီးလောင်ကျွမ်းမှု ဖြစ်စေ/ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်သည် ဖြစ်စေမီးသတ်ဦးစီးဌာနသို့ အကူအညီ တောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှု လျှော့နည်းစေရန် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူးဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန် စသည့်စိတ်ဝင်စားစရာ အကြောင်းအရာများ ပါဝင်သည်။
မီးဘေးနှင့် သဘာဝအန္တရာယ်ဖြစ်ပွားပါက ချက်ချင်းအကူအညီ တောင်းခံနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရန် ဖုန်းနံပါတ် (191) စတေကာပြားများအား ခရီးသွားသည့် ကား/ဆိုင်ကယ်များရှေ့တွင်လည်းကောင်း၊ လမ်းဘေးဓာတ်မီးတိုင်များ၊ စျေးအတွင်းအပြင်ရှိ အများပြည်သူ မြင်သာသည့် နေရာများတွင်လည်းကောင်း ကပ်နှိပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးခြင်းကို သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ သက်နိုင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင် (၁၃၀၀)၊ စတေကာအသေး(၂၅၀၀)၊ စတေကာအကြီး (၁၈၀)တို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ပထမအကြိမ် (၂၀)ရာခိုင်နှုန်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)