ကျွန်းစု ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(ပထက်)ကျောင်းမှ ကျောင်းသား/သူလေးများ၏ ဘင်ခရာတပ်ဖွဲ့နှင့် ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများက ကွင်းအတွင်း ဝင်ရောက်နေရာယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းအား အလေးပြုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်အား ညီညာစွာရွတ်ဆိုခဲ့ကြပြီး ဘောလုံးပြိုင်ပွဲအား တာဝန်ရှိသူအသီးသီးက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားတွင် ကူညီဆောင်ရွက်ပေးသော အ.ထ.က(ပထက်)ကျောင်းမှ ကျောင်းသား/သူလေးများ၏ ဘင်ခရာတပ်ဖွဲ့ အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြိုင်ပွဲအဖွင့် ချစ်ကြည်ရေးပွဲစဉ်အဖြစ် ဦးတို့ United အသင်းနှင့် မီးတို့ FC အသင်းတို့ ဘောလုံးယှဉ်ပြိုင်ကစားခဲ့ကြကြောင်း၊ အဆိုပါပြိုင်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း (၉)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအား ဒီဇင်ဘာလ(၂၁)ရက်နေ့မှ ဇန်နဝါရီလ(၄) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)