နမ့်ဆန် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်တွင်ကျရောက်ခဲ့သော တအာင်းနှစ်(၂၇၁၄)နှစ် (၁၀)ကြိမ်မြောက် တအာင်း(ပလောင်) နှစ်သစ်ကူးနေ့အထိမ်းအမှတ်ညစာစားပွဲကို ယမန်နေ့ညနေ(၅)နာရီအချိန်တွင် နမ့်ဆန်မြို့ရှိ မြန်မာနိုင်ငံတအာင်း(ပလောင်)စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီရုံး၊ စည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ တအာင်း(ပလောင်)စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌတာအလူန်(ခ)ဦးစောလွင်မှ နှစ်သစ်ကြိုဆိုဝမ်းမြောက်စကားပြောကြားခဲ့ရာ (၁၀)ကြိမ်မြောက် တအာင်း(ပလောင်)နှစ်သစ်ကူးကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နှစ်သစ်ကူးညစာစားပွဲသို့ ကြွရောက်ချီးမြှင့်ပေးပါသော မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား ကြိုဆိုပါကြောင်း၊ နေရာဒေသအသီးသီးတွင် နေထိုင်လျှက်ရှိသော တအာင်း(ပလောင်)လူမျိုးများသည် မတူညီသော တအာင်း(ပလောင်)ဘာသာစကားကို ပြောဆိုကြပေမဲ့ တအာင်း(ပလောင်)လူမျိုးစု တစ်မျိူးတည်းတာဖြစ်ကြောင်းပြောကြားခဲ့ပြီး စတုတ္ထအကြိမ်မြောက် မြို့နယ်ပေါင်းစုံ တအာင်း(ပလောင်)လူငယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုအောင်ပွဲရ နမ့်ဆန်မြို့နယ် ဘောလုံးသမားများမှ မြို့နယ်တအာင်း(ပလောင်)စာပေနှင့်ယဉ်ကျေးမှုကော်မတီသို့ ဆုဖလားပေးအပ်ခဲ့ကြောင်းသိရသည်။
ညစာစားပွဲအခမ်းအနားသို့ နမ့်ဆန်မြို့နယ် မြို့မိမြို့ဖများ၊ တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ တတ်ရောက်ခဲ့ကြောင်းသိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်