မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်

ဘားအံ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့်နည်းပြသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ(ကိုယ်စား)တွဲဖက်အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးညွှန်ကြားရေးမှူးဦးစိုးလွင်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်တာဝန်လွှဲပြောင်းပေးနိုင်ရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ပုံစံ(၆၆/၆)ပါ လူဦးရေနှင့် အချက်အလက်များ မှန်ကန်စေရေး မြေပြင်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ရမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်သည် အဓိကကျသည့် လုပ်ငန်းစဉ်ဖြစ်၍ တစ်ကြိမ်းတည်းဖြင့် မထပ်မကျန်စေဘဲ မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ စာရင်းကောက်ယူရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတက်ရောက်လာသူများသည် မြေပြင်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူ ရမည့် အဖွဲ့များအား ပြန်လည်ပို့ချရမည်ဖြစ်သဖြင့် သင်ကြားမှုများအား စိတ်ပါဝင်စားစွာ မှတ်သားပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရန်လိုကြောင်း၊ သင်တန်းသားများမှ သင်ကြားမှုများအား ကြေညက်စွာနားလည်မှသာ မြေပြင်စာရင်းကောက်အဖွဲ့များအား ကောင်းမွန်စွာ ပြန်လည်သင်ကြား‌ပေးနိုင်ပြီး မြေပြင်စာရင်းကောက်အဖွဲ့မှလည်း အမှားအယွင်းမရှိ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ကောက်ယူသွားနိုင်မှာဖြစ်ကြောင်း၊ မြေပြင်စာရင်း ကောက်ယူရာတွင် ပုံစံ(၆၆/၆)ပါ အချက်အလက်များအပြင် မသန်စွမ်း(၅)မျိုးပါ ကောက်ယူ ရမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၂၃ ရက်အတွင်း တစ်ချိန်တည်းတစ်ပြိုင်တည်း ပြီးစီးအောင် ကောက်ယူသွားရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ ပို့ချသော သင်ခန်းစာများအား စိတ်ပါဝင်စားစွာဖြင့် သင်ယူမှတ်သားပြီး နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်ကြီး ပြီးမြောက်အောင်မြင်စေရန် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် ပြည်နယ်အဆင့်နည်းပြသင်တန်းသို့ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၄၄)ဦး တက်ရောက်ကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်တွင် (၂)ရက်ကြာသင်တန်း တက်ရောက်ခဲ့သူများက (၂)ရက်ကြာ ရှင်းလင်းပို့ချသွားမည်ဖြစ်သည်။

ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဆင့် နည်းပြသင်တန်းအပြီးတွင် မြို့နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး သင်တန်းများကို ဆက်လက်ပို့ချသွားမည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း e-ID အိမ်ထောင်စုလူဦးရေစာရင်းအရ အိမ်ထောင်စုအရေအတွက် ၃၅၆၂၆၀ စုရှိရာ တစ်ဖွဲ့လျှင် ၅ ဦးနှုန်းဖြင့် စာရင်းကောက်ယူရေးအဖွဲ့ ၇၁၂ ဖွဲ့ ရှိပြီး စာရင်းကောက်တစ်ဖွဲ့ တစ်ရက်လျှင် အိမ်ထောင်စု ၂၅ စု ဆောင်ရွက်ရမည်ဖြစ်ပြီး ၇၁၂ ဖွဲ့မှ တစ်ရက်လျှင် အိမ်ထောင်စု ၁၇၈၁၃ စုနှုန်းဖြင့် တစ်အိမ်တက်ဆင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)