ထားဝယ် ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၁၀/၂၀၂၂)ကို ယနေ့နံက် ၁၀နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးတွင် ငါးဖမ်းလှေများလာသည့်အတွက် ငါးရောင်းချမှုများပြားလာသည်ကိုတွေ့ရကြောင်း၊ ထီးခီးဂိတ်သည် အကြောင်းအမျိုးမျိုးကြောင့်ပိတ်ထားရသော်လည်း မကြာခင်ပြန်လည်ဖွင့်လှစ်မှာဖြစ်သည့်အတွက် ထားဝယ်မြို့သည် ငါးဈေးဖြစ်လာနိုင်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ငါးဈေးအားပို၍ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေချင်ပြီး ငါးဈေးတွင်ဖြစ်သင့်ဖြစ်ထိုက်သော ပါဝင်သင့်သောအချက်များဖြစ်သည့် ရေခဲစက်ရုံ၊ စားသောက်ဆိုင်များ၊ ရေခဲခွဲစက်များ၊ ကားရပ်၍ရသောနေရာများရှိရန်လိုအပ်ကြောင်း၊ တစ်ဖက်နိုင်ငံမှ နယ်စပ်ဂိတ်ဖွင့်လိုက်ပါက ငါးဈေးတွင်ဝယ်ယူရောင်းချမှုများ ပိုမိုကျယ်ပြန့်လာနိုင်သည့်အတွက် ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်မှုများဖြစ်လာနိုင်ကြောင်း၊ စက်မှုဇုန်များအနေဖြင့်လုပ်ကိုင်ဆောင်ရွက်နေသော်လည်း ယခုထက်ပိုမို၍တိုးတက်အောင် ကုန်သွယ်ရင်းနှီးမှုရအောင် လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးတိုင်ပင်ပြီး ကောင်းကျိုးဆိုးကျိုး၊ အခက်အခဲဖြစ်ပေါ်လာနိုင်သည်များကို ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Southern Dragons Myanmar Co., Ltd. က ဦးပိုင်အမှတ်(၂၀)၊ ကွင်းအမှတ်(၁၄၈)ဘုမ္မော်တောင်၊ ကျောက်မော်ကျေးရွာအုပ်စု၊ ထားဝယ်မြို့၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးစုစုပေါင်းမြေဧရိယာ (၃)ဧကပေါ်တွင် ငါးဈေးတည်ဆောက်၍ ဆိုင်ခန်းများငှားရမ်းခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများအားလည်းကောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ဦးပိုင်အမှတ်(၂၃၆)၊ အကွက်အမှတ်(၂၂)၊ အိုးလုပ်ပြင်ကွင်း၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်၊ မြိတ်မြို့နယ်၊ မြိတ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ရေထွက်ပစ္စည်းများအေးခဲ၍ ပြည်တွင်း၊ ပြည်ပသို့တင်ပို့ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် Aqua Myeik Premium Seafood Co., Ltd. က နိုင်ငံခြားသားအရင်းအနှီး ၃၅ ရာခိုင်နှုန်းပါဝင်၍ လုပ်ငန်းဆောင်ရွက်မည့်ကိစ္စအားလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)