တိုက်ကြီးမြို့နယ်တွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား အသိပညာပေးဆောင်ရွက်

တိုက်ကြီး     ဒီဇင်ဘာ     ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယာဉ်မတော်တဆထိခိုက်မှုများကြောင့် ယာဉ်စီးနင်းသူများထိခိုက်မှုအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မော်တော်ယာဉ်စီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်တပ်ဆင်ရန်နှင့် မော်တော်ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်ဝတ်ဆင်မောင်းနှင်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီခွဲခန့်က ရန်ကုန်-ပြည်လမ်း တိုးဂိတ်ဟောင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့၀င်များ၊ အမှတ် ၆၁ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တိုက်ကြီး)မှ ဒုရဲမှူးညီညီအောင်နှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရန်ကုန်-ပြည်လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေး၍ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများအား သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များဝတ်ဆင် မောင်းနှင်ရန်နှင့် မော်တော်ယာဉ်မောင်းနှင်သူနှင့်လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်များ တပ်ဆင်ရန် အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးကာလပြီးဆုံးပါက ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသော မော်တော်ဆိုင်ကယ်မောင်းနှင်သူများနှင့် လိုက်ပါစီးနင်းသူများ၊ အသက်ကယ်ထိုင်ခုံ ခါးပတ်ဝတ်ဆင်ခြင်းမရှိသော မော်တော်ယာဉ်များကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေး၍ အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက် )