လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် စာပေဝါသနာပါသူများ ပူးပေါင်း၍ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသော “ပန်းကိုလိုချင်အပင်ကိုပျိုးတတ်မှစာအုပ်”ဖြင့် ယမန်နေ့ နံနက် (၁၀) နာရီ၌ စာဖတ်ဝိုင်း ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းကျင်းပခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက ရှင်းလင်းပြောကြားပြီး စာပေဝါသနာပါသူ စာရေးဆရာဦးစိုးနိုင်က လူတိုင်းအနေဖြင့် စာအုပ်၊စာပေကို ချစ်မြတ်နိုးသင့်ကြောင်း၊ စာပေဝါသနာပါသူ ဦးငြိမ်းချမ်းက စာဖတ်ခြင်းကို အပိုင်း(၅)ပိုင်းခွဲခြား၍ ဖတ်သင့်ကြောင်း၊ စာပေဝါသနာပါသူ ဦးနေမျိုးထွန်းက စာအုပ်စာစောင်များ ဖတ်ရှုလေ့လာလျှင် ဒီရေများ စီးဆင်းသကဲ့သို့ တိုးတက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာပေဝါသနာပါသူ စာရေးဆရာဦးမင်းချစ်ဦးဇော်က ကျောင်းပညာရေးသည် အကန့်အသတ်ဖြင့် ပြီးစီးသော်လည်း စာပေအသိပညာတို့ကို စဉ်ဆက်မပြတ် ဖတ်ရှုလျှင် စွမ်းရည်သတ္တိ အရည်အချင်းတို့လည်း တိုးတက်လာမည်ဖြစ်ကြောင်း အပြန်အလှန် ဆွေးနွေးပြောကြားသည်။ အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်စာရေးဆရာအသင်းအဖွဲ့၀င်များ၊ စာပေဝါသနာပါသူ (၃၅)ဦးတို့ တက်ရောက်ပြီး စာဖတ်ဝိုင်း ကျင်းပဆွေးနွေးပြောကြားသည်။
ခင်၀င်းမူ( ပြန် / ဆက် )