လောင်းလုံး ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့၌ မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ဦးစီးအရာရှိ၊ ဦးမျိုးဇော်ဦး ၊သန္ဓေမီးသတ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မီးဘေးလုံခြုံရေးအသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191) စတေကပ်နှိပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၊ မြို့မစျေးအတွင်း/အပြင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးလုံခြုံရေးပညာပေးစာစောင်တွင် မီးလောင်ကျွမ်းမှု ဖြစ်စေ/သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်သည်ဖြစ်စေ မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေး ရှောင်ရန်/ ဆောင်ရန်အချက်များ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူးဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဓာတ်ဆီဖြည့်လျှင်၊ ဓာတ်ဆီဖလှယ်လျှင်သတိ ထားသင့်သောအကြောင်းအရာများ၊ အပြင်သွားမည်ဆိုပါက မီးဖို ၌ မီးကြွင်း၊ မီးကျန်စစ်ဆေးသင့်ပုံ၊ ဆေးလိပ်သောက်သူများသတိဆောင်သင့်ပုံ စသည့်အကြောင်း အရာများပါဝင်သည်။ မီးဘေးနှင့်သဘာဝအန္တရာယ်ဖြစ်ပွားပါက (၂၄)နာရီ ချက်ချင်း အကူအညီ တောင်းခံနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်(191) စတေကများအား ခရီးသွားသည့် ကား/ဆိုင်ကယ်များရှေ့တွင်လည်း ကောင်း၊ လမ်းဘေးဓာတ်မီးတိုင်များ၊ စျေးအတွင်းအပြင်ရှိအများပြည်သူ မြင်သာသည့်နေရာများတွင်လည်းကောင်း ကပ်နှိပ်ပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးခြင်းသည် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ခြင်းနှင့် မီးလောင်းမှုလျော့ကျစေရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)