မိုးနဲမြို့နယ်၌ ပြောင်း၊ ပဲပုတ် အငှားရိတ်သူများ အဆင်ပြေ

မိုးနဲ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မိုးရာသီကာလတွင် စိုက်ပျိုးထားသော ပြောင်း၊ ပဲပုတ် စိုက်ခင်းများကို အငှားရိတ်သူများ နေ့စဉ် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပြောင်း၊ ပဲပုတ် စိုက်ခင်းများကို အောက်တိုဘာလမှ စတင်အငှားရိတ်ကြောင်း၊ ပြောင်း၊ ပဲပုတ်၊ ပန်းနှမ်း၊ ကြက်သွန်ဖြူစိုက်၊ စပါးရိတ်၊ ပဲပုတ်ချွေ၊ ပြောင်းချွေ၊ စပါးချွေ၊ ပြောင်းထမ်း၊ စပါးထမ်း၊ ပဲပုတ်ထမ်းခြင်းနှင့်ကောက်ရိုးထမ်းခြင်းလုပ်ငန်းများကိုလည်း အငှားလိုက် ကြောင်း၊ ပုံမှန်အားဖြင့် ပြောင်း၊ ပဲပုတ်၊ ပန်းနှမ်း စိုက်ခင်းများ နေ့စားအငှားရိတ်သူ တစ်ဦးလျှင် ကျပ် (၇၀၀၀)ရရှိကြောင်း၊ နေ့စား  အလုပ်ချိန် နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီခွဲထိ လုပ်ရ ကြောင်း၊ ကြက်သွန်ဖြူစိုက် တစ်ခွဲလျှင်ကျပ် (၁၀၀၀၀) ရရှိကြောင်း၊ စပါးရိတ် နေ့စားတစ်ဦးလျှင် ကျပ် (၁၀၀၀၀) ရရှိကြောင်း၊ ပြောင်းထမ်း၊ ပဲပုတ်ထမ်း၊ ကောက်ရိုးထမ်း နေ့စားတစ်ဦးလျှင် ကျပ် (၁၂၀၀၀) ရရှိကြောင်း၊ စပါးထမ်း နေ့စားတစ်ဦးလျှင် ကျပ် (၁၅၀၀၀) ရရှိကြောင်း၊ နေ့စားအပြင် အပြတ်ယူ၍ အငှားရိတ်ခြင်းကိုလည်း ဆောင်ရွက်ကြောင်း၊ ယမန်နေ့တွင်လည်း ပဲပုတ်စိုက်ခင်းဈေးအပြတ်ဖြင့် အငှားလိုက်သူ (၁၂) ဦး (၂)ရက် ရိတ်ခဲ့ကြရာ တစ်ဦးလျှင် ကျပ် (၂၈၀၀၀) ရရှိခဲ့ကြောင်း၊ ပဲပုတ်၊ စပါး၊ ပြောင်း အငှား‌ချွေလျှင်လည်း အထွက်နှုန်းပေါ်မှုတည်၍ တစ်နေ့လျှင် ကျပ် (၁၅၀၀၀) အထက်ရရှိကြောင်းနှင့် နေ့စဉ်အငှားရိတ်သူ ၁၀၀ ဦးခန့်ရှိ ကြောင်း ဆည်မြောင်းကျေးရွာနေ အငှားလိုက်သူ ကိုငယ်ထွေးထံမှသိရသည်။

ဇင်ကိုကို (ပြန်/ဆက်)