ချင်းရွှေဟော် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှ စတင်၍ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကျေးစာရေး ဝန်ထမ်းများက ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ချင်းရွှေဟော်မြို့ရှိ ရပ်ကွက်(၃)ရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသည့်အခြေခံလူတန်းစား အိမ်ထောင်စု(၈၃)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၆၆၀၀၀၀)ကျပ်အား ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)