ကျိုင်းတုံ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံပညာရေးကောလိပ်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) Working Group မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရဲနိုင်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်အရ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားပြီးဖြစ်ပါကြောင်း၊ သင်တန်း တက်ရောက်သူများက သင်တန်းမှ ပို့ချချက်များကို စနစ်တကျ တတ်မြောက်အောင် သင်ကြားပြီး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များကို လက်တွေ့ မြေပြင်ကောက်ယူရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး သင်ကြားဖို့လို အပ်ကြောင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ခရိုင်မြို့နယ်များမှ သင်တန်းသား ၄၆ ဦးတက်ရောက်ပြီး ဒီဇင်ဘာ ၂၀ ရက် မှ ၂၁ ရက်အထိ ပို့ချသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)