ကျောက်မဲ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျောက်မဲမြို့ ကျောက်မဲကြီးကျေးရွာအုပ်စု၊ ကျောက်မဲကြီးကျေးရွာ ကျောက်မဲကြီး ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက တွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ နှင့်ပတ်သက်၍ ဆွေးနွေးသည်။ထို့နောက် မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ကျောက်မဲမြို့နယ်အဆင့် ဌာနဆိုင်ရာများ ဖြစ်ကြသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ကျောက်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြိုနယ်ပညာရေးဌာန၊ လမ်းဦးစီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်နှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဌာနအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနအလိုက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက လိုအပ်ချက်များအား ပြန်လည်တင်ပြ ဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအစဥ်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒေသခပြည်သူ (၅၀) ဦး ကျော်တက်ရောက်ခဲ့ကြပြီး အခမ်း အနားအား နံနက် ၁၁ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)