ရှမ်းရွာသစ် ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေ ရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၀ ခုနှစ်၊ စာပေဗိမာန်စာမူဆုပြိုင်ပွဲ၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆု တတိယဆုရရှိသော အမျိုးသားစာပေဆုရ စာရေးဆရာအောင်းစိုး၏ "မြန်မာ့ယဉ်ကျေးမှု ဆယ့်နှစ်လရာသီဓလေ့ ထုံးတမ်းအစဉ်လာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ ဦးရဲလင်းနောင်က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်တွင် ဆယ့်နှစ်လရာသီနှင့် သက်ဆိုင်သော မြန်မာတို့၏ ရှေးရိုးအစဉ်အလာဓလေ ့ထုံးတမ်းများ၊ ယဉ်ကျေးမှုအတွေးအခေါ်အယူအဆ၊ စာပေဖြင့် တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်းခဲ့ သည့် စာပေများကို သိရှိစေလိုသော ရည်ရွယ်ချက်များဖြင့် ရေးသားထားသည့်အတွက် ဖတ်ရှု သင့်သော စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် အဖွဲ့ဝင်တစ်ဦးမှ မြန်မာနိုင်ငံအတွင်း အေးအတူပူအမျှ ဥပမကွဲ၊ သိုက်မပျက်မှီတင်းနေထိုင်ကြသည့် တိုင်းရင်း သားလူမျိုးနွယ်စု (၁၃၅) မျိုးအနက် မြန်မာ(ဗမာ)လူမျိုးနွယ်စု၏ ရိုးရာဓလေ့ယဉ်ကျေးမှု စံနှုန်းများကို ဖော်ပြထားသည့်အတွက် ဗဟုသုတများစွာရရှိသည့်အပြင် မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် တာဝန်များကို လူငယ်များ လက်ဆင့်ကမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်းစသည်ဖြင့် စာအုပ်တွင်ပါရှိသည့် အကြောင်း အရာများကို စာပေချစ်သူများအချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင် (၂) ကြိမ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)