လိပ်သို ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မား လာစေရန်နှင့် စာဖတ်ခြင်းဖြင့်ရရှိလာမည့် အသိပညာဗဟုသုတများကို အသုံးချတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝလာပြီး မိမိသိထားသည့် ဗဟုသုတများကို မှန်ကန်သောအတွေးအခေါ်များနှင့် ပေါင်းစပ်၍ မိမိတို့ပတ်ဝန်းကျင် အသိုင်းအဝိုင်း အတွင်း ပြန်လည်မျှဝေအသုံးပြုခြင်းဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်မှာဖြစ်ကြောင်း ဦးစွာဟောပြောဆွေးနွေးသည်။
ထို့နောက် စာကြည့်တိုက်သို့ ပုံမှန်လာရောက်၍ စာအုပ်များ ငှားရမ်းဖတ်ရှုလေ့ရှိသည့် စာပေဝါ သနာရှင် စောအောင်ကိုဦးက စာရေးဆရာအောင်သင်းရေးသားထားသော “ကျောင်းသားလူငယ်နှင့် အခြားဆောင်းပါးများ” စာအုပ်မှ “ကျောင်းသားလူငယ်တွေ(၁)” ဆောင်းပါးခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေဝါသနာရှင် နော်သုန်ဝတီထိုက်မှ “ကျောင်းသားလူငယ်တွေ(၂)” ဆောင်းပါး ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြား၍ ဆောင်းပါးပါ အကြောင်းအရာများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲတက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဝေါ်ကွောထူး