လိပ်သို ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ယာဒိုနှင့်သောက်ရေခပ်ကျေးရွာအုပ်စုများရှိ ကျေးရွာများတွင်နေထိုင်လျက်ရှိသော ဒေသခံတောင်သူများမှာ ငရုပ်သီးကို မိသားစု စားဝတ်နေရေးအတွက် အဓိကသီးနှံတစ်မျိုးအဖြစ် နှစ်စဉ်စိုက်ပျိုးထုတ်လုပ် အသက်မွေးဝမ်းကြောင်းလျက်ရှိကြောင်း သိရသည်။
ဒေသခံများမှာ တောင်ယာများခုတ်ထွင်ရှင်းလင်းပြီး ဒေသအခေါ် ယာဒိုပဒေါင်သီး၊ သောက်ရေခပ် ငရုပ်သီးများကို နှစ်စဉ်ဒေသတွင်း ဖူလုံစွာစားသုံးနိုင်ရန် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင် ရာသီဥတုကြောင့်လည်းကောင်း၊ နယ်မြေဒေသအခြေအနေအရလည်းကောင်း အချိန်မှီမစိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးပြီးငရုပ်ပင်များအား ကောင်းကောင်းမွန်မွန်မပြုစုနိုင်ခြင်း၊ ရိတ်သိမ်းဆွတ်ခူးမှုများ စနစ်တကျမလုပ်ဆောင်နိုင်ခြင်းတို့ကြောင့် အထွက်နှုန်းကျဆင်းကာ လေလွင့်ဆုံးရှုံးမှုများ ရှိခဲ့ကြောင်းသိရသည်။
ငရုပ်သီးများကို လိပ်သိုမြို့နှင့်အခြားမြို့များသို့ နှစ်စဉ်ပို့ဆောင်ရောင်းချခဲ့ကြရာ ယမန်နှစ်က လိပ်သိုမြို့ပေါ်လက်လီဈေးတွင် တစ်ပိဿ ၁၅၀၀၀ ကျပ် ရှိခဲ့သော်လည်း ယခုနှစ်တွင် လိပ်သိုမြို့ပေါ်ရှိ ဈေးဆိုင်အချို့တွင်သာရရှိနိုင်ပြီး တစ်ပိဿကို ၂၅၀၀၀ကျပ် မှ ၃၀၀၀၀ ကျပ်အထိ ရောင်းဝယ်လျက်ရှိကြပြီး ဒေသတွင်း စားသုံးရန်ဖူလုံမှုမရှိနိုင်ကြောင်း သိရသည်။
စောဝေါ်ကွောထူး(ရုပ်သံ-၃)