နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ် များ အန္တရာယ်ကင်းဝေးစေရေး အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၉

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်များ အန္တရာယ်ကင်းဝေးစေရေး အန္တရာယ်ကင်း ပရိတ်တရားတော်နာအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲက  ဥပ္ပါတသန္တိစေတီတော် အနီတပေါင်းကွင်းအတွင်းရှိ ကွပ်ကဲရေးမှူးရုံး၌ ကျင်းပရာ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ  ပါဠိဆရာတော်ကြီးအမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပရေးကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်များအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)