ပြင်ဦးလွင် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် (၁၅) ကြိမ်မြောက် ပန်းပွဲတော် (Bloomlng Fantasy) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မြက်ခင်းပြင်၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ (၁၅) ကြိမ်မြောက် ပန်းပွဲတော်(Blooming Fantasy) ဖွင့်ပွဲအဖွင့်အမှာစကားပြောကြားပြီး အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ တာဝန်ရှိသူ ထူးကုမ္ပဏီများအုပ်စု (အကြံပေးပုဂ္ဂိုလ်) စည်သူဦးမြင့်ဆွေမှ ပန်းပွဲတော်ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Orchestra အဖွဲ့မှ မောင်တို့ချယ်ရီမြေ အစရှိသည့် တေးသီချင်းများ သီဆိုတီးမှုတ်ကာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များအား ဧည့်ခံဖျော်ဖြေခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တပ်နယ်အတွင်းမှ အရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဝန်ကြီးများ၊ ထူးကုမ္ပဏီများအုပ်စု(အကြံပေးပုဂ္ဂိုလ်) စည်သူဦးမြင့်ဆွေနှင့် ပန်းပွဲတော်ကျင်းပရေးဆိုင်ရာတာဝန်ရှိသူများက (၁၅)ကြိမ်မြောက် ပန်းပွဲတော်(Bloomlng Fantasy) ဖွင့်ပွဲအခမ်းအနားအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြင်ဦးလွင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့က ချီတက်အလေးပြုခြင်းနှင့် လတ်တီးသီချင်း၊ ပန်းကမ္ဘာမျှော်စင်သီချင်းတို့ကို တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေခဲ့ပြီး ဝန်ကြီးချုပ်မှ အထက(၂)ဘင်ခရာအဖွဲ့အား ဂုဏ်ပြုလက်ဆောင်နှင့် ပန်းခြင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ တေးဂီတအဖွဲ့မှ တေးသီချင်းများဖြင့်ဖျော်ဖြေရာ ပြင်ဦးလွင်တပ်နယ်မှူး ဇော်မင်းလတ်မှ ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်၍ ဝန်ကြီးချုပ်နှင့်အတူ ဖွင့်ပွဲအခမ်းအနား တက်ရောက်သူများက အမျိုးသားကန်တော်ကြီးအတွင်း ပြသထားသောပန်းအလှများ၊ ဆိုင်ခန်းမျာကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
(၁၅) ကြိမ်မြောက် “Blooming Fantasy” ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တပ်နယ်အတွင်းမှအရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဝန်ကြီးများ၊ ထူးကုမ္ပဏီများအုပ်စု(အကြံပေးပုဂ္ဂိုလ်) စည်သူဦးမြင့်ဆွေ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပန်းပွဲတော်ကျင်းပရေးဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူများစုစုပေါင်းအင်အား ၃၅၀၀ ဦးခန့် စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
အဆိုပါ (၁၅)ကြိမ်မြောက် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ “Blooming Fantasy” ပန်းပွဲတော်တွင်"ပန်းဥယျာဉ်စျေးပွဲတော်" ကိုပါတွဲဖက်၍ ပန်းပွဲတော်ကာလ နေ့ရက်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ဒေသထုတ်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နေ့လယ်(၂)နာရီတွင်လည်း နာမည်ကျော်တေးသံရှင်များ၏ Music Concert များလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပန်းပွဲတော်တွင် ပြည်နယ်အရပ်ရပ်မှ ပန်းပေါင်းစုံမျိုးစိတ်များ၊ နိုင်ငံခြားပန်းမျိုးစိတ်များ၊ ရှားပါးတန်းဝင်အဖိုးတန်ပန်းမျိုးစိတ်များ၊ ဒေသထွက်ပန်းများ စသည်တို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ တစ်လကြာ စုံလင်စွာ ခင်းကျင်းပြသကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် ခရိုင်(ပြန်/ဆက်)