မြောက်ဥက္ကလာပ ဒီဇင်ဘာ ၉
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက မကြာခင်ရောက်ရှိမည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများ စည်းကားသိုက်မြိုက်စွာ ကျင်ပနိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လှယဉ်ကျေးမယ်နှင့်ကာယအလှမယ်ပြိုင်ပွဲများ၊ မိခင်၊ ကလေးခေါင်းစဉ်နှင့် ကလေးပြိုင်ပွဲများ၊ သားကောင်းမိခင်ပြိုင်ပွဲများ၊ အခြေခံပညာကျောင်းများတွင် အားကစားပျော်ပွဲရွှင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ ဆောင်ရွက်သွားမည့်အကြောင်းနှင့် ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါက်တာလဲ့ညိုဝင်းက ကလေးပြိုင်ပွဲနှင့် သားကောင်းမိခင်ပြိုင်ပွဲများ ဆောင်ရွက်ရာတွင် သတ်မှတ်စံနှုန်းများအတိုင်းဆောင်ရွက်သွားမည့်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဒေါ်မို့မို့ခိုင်က ကျောင်းများတွင် ပျော်ပွဲရွှင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို လွတ်လပ်ရေးနေ့မတိုင်မီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောပြားခဲ့ပြီး တက်ရောက်လာသူ ဌာနဆိုင်ရာများက အသီးသီးဝိုင်းဝန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လောဟာက ပြိုင်ပွဲများတွင် ဆုရရှိသူများကို (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်သဝဏ်လွှာ ဖတ်ပွဲပြီးနောက် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အလှူရှင်များရရှိရေးကို တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)