တန့်ယန်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နမ့်ဟူးလွယ်ကာကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ ဦးစိုင်းခမ်းမန်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်သမဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအကြောင်းကို ချပြ ရှင်းလင်းဆွေးနွေးကြကြောင်းနှင့် ဒေသခံပြည်သူလူထုတို့၏ တင်ပြချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။
ယင်းအပြင် မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများအား ကျန်းမာရေး စစ်ဆေး ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရေးကိုလည်း ဆောင်ရွက်ထိုးနှံပေးခဲ့ကြပြီး မွန်းလွဲ ညနေပိုင်းတွင် လုံမုံကျေးရွာအုပ်စုသို့လည်း ကွင်းဆင်းကာ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)