သုံးခွမြို့နယ်၊ ဇောတိကကျေးရွာတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်

သုံးခွ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဇောတိကကျေးရွာသည် မုတ္တမပင်လယ်ကွေ့နှင့်နီးစပ်လျက်ရှိသည့်အတွက် ကျေးရွာနေပြည်သူများ သဘာ၀ဘေး အန္တရာယ်ကြုံတွေ့လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ဇောတိကကျေးရွာ ဆိုင်ကလုန်း Shelter တွင် ယမန်နေ့နံနက် ၈ ခွဲနာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာ၀ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးမုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရာတွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ မီးသတ်ဦးစီးဌာနမှူး ဦးကျော်လွင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင်က ရှာဖွေကယ်ဆယ်ရေး၊ ပစ္စည်းသယ်ယူရွှေ့ပြောင်းရေး၊ ဆက်သွယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ရှေးဦးသူနာပြုစုရေး၊ လုံခြုံရေးစသည့် အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီးနောက် ယခုဖွဲ့စည်းထားသောအဖွဲ့စည်းတွင်ပါရှိသည့် ကျေးရွာပြည်သူများအား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်နေခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာများနှင့်ကျေးရွာနေပြည်သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်