တောင်သာမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၃၄၆၀၃)စုအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

တောင်သာ စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌  ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစား   အိမ်ထောင်စုများအား   အိမ်ထောင်စု  တစ်စုလျှင် ထောက်ပံ့ငွေ ကျပ်(၂၀၀၀၀)နှုန်း ပေးအပ်ခြင်းအခမ်းအနားကို  ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်   ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဟန်ဇော်မြင့်က မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စု တစ်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းထောက်ပံ့ပေးအပ်မှုအခြေအနေများအားရှင်းလင်းပြောကြားခဲ့သည်။
တောင်သာမြို့နယ်တွင်  မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၇)အုပ်စုတို့မှ  ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တဆင့်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ ၏ လက်ဝယ်အရောက် အလျှင်အမြန် ထောက်ပံ့ပေးအပ်နိုင်ရန် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် မြို့နယ်အတွင်းရှိ  အိမ်ထောင်စု(၃၄၆၀၃)စုအတွက်   ထောက်ပံ့ငွေကျပ်(၆၉၂၀၆၀၀၀၀)ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်တို့က သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား  အိမ်ထောင်စုများ၏  လက်ဝယ်အရောက်  ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)