ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင်ကိုဗစ်- ၁၉ ရောဂါကူးစက်ပျံ့နှံ့ခြင်းမှ ထိန်းချုပ်နိုင်ရေး အတွက် မိမိ နေအိမ် တွင်သာ နေထိုင်ကြရန် လိုက်လံနှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြု လူနာများပြားလာမှုကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့ တွင် ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များ ဖြစ်သည့် ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအားလုံး မိမိအိမ် တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်နှင့် မဖြစ်မနေ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း တပ်ဆင် သွားလာ ကြရန် အတွက် ရပ်ကွက်နေပြည်သူများအား သိရှိစေရန် လိုက်လံနှိုးဆော်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)