ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးသန့် မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းများအား မျိုးကွဲပယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည် စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရေးနှင့် သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန် တိုးတက်စေရေးအတွက်    ဧရာမင်းမျိုးစေ့ထုတ် စပါးစိုက်ခင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အင်တိုင်းကျေးရွာ တောင်သူဦးစိုးရွှေ၏ စပါးစိုက်ခင်း(၁၁.၅၀)ဧကတွင်  မျိုးကွဲပယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးခွဲပယ်ခြင်းလုပ်ငန်းများ    ဆောင်ရွက်ရာတွင် ကျောက်ဆည် မြို့နယ်စိုက်ပျိုးရေး  ဦးစီးဌာနမှ အင်တိုင်းကျေးရွာတာဝန်ခံ ဒေါ်နန်းယုမွန်နှင့် မြို့နယ်မျိုးစေ့ တောင်သူအဖွဲ့မှ တာဝန်ရှိသူများက စပါးပင်များအား အမြင့်တိုင်းတာခြင်း၊ မျိုးပွားနှုန်းစစ်ဆေးခြင်း၊ ဆေးလိုအပ်မှုနှင့် ပိုးမွှား ကင်းစင်မှုများ စစ်ဆေးခြင်း၊ စိုက်ခင်းအတွင်း ပေါက်နေသော ပေါင်းမြက်များနှင့် မျိုးကွဲစပါး များအား နှုတ်ပယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာပေါင်း(၂၂၃)ရွာရှိရာ မိုစပါးစိုက်ဧက ပေါင်း(၅၂၉၅၈) ဧက စိုက်ပျိုးထားရှိပြီး ဧရာမင်းမျိုးသန့် မျိုးစေ့ထုတ် စပါးများကိုဧက (၆၁၆) ဧက  စိုက်ပျိုးထားရှိ ရာ စပါးစိုက်ခင်းများ အထွက်နှုန်း ကောင်းမွန်စေရေး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်း များသည် မျိုးကွဲပယ်ခြင်းလုပ်ငန်းများ စနစ်တကျ ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)