တနင်္သာရီ၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီမြို့  ဒီဇင်ဘာလ ၇

တနင်္သာရိတိုင်းဒေသကြီ၊ တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများ/တာဝန်ခံများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ မြေပြင်လူဦးရေးစာရင်းများကို သတ်မှတ်ရက်အတွင်း မှန်ကန်စွာပြီးစီးရေး၊ မြို့သာယာသန့်ရှင်းလှပရေး၊ ရေအခက်အခဲမဖြစ်ရေးနှင့် လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ရေးကိစ္စများကို သက်ဆိုင်ရာဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ကြရေး လမ်းညွှန် အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းက နယ်မြေလုံခြုံရေး အခြေအနေနှင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ-အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်ကြွယ်က ပုံစံ ၆၆/၆ အိမ်ထောင်စု စာရင်းပါ လူဦးရေစာရင်းများနှင့် မြေပြင်ရှိစာရင်းကို တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မသန်စွမ်းလူဦးရေစာရင်း (၅) မျိုးနှင့် ပတ်သက်၍လည်းကောင်း ရှင်းဆွေးနွေးပေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဦးစီးမှူးများက လိုအပ်ချက်များ တင်ပြဆွေးနွေးရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)