ဟိုပန် ဒီဇင်ဘာ ၇
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်သည် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အားကစားကွင်းတွင်ပြုလုပ်သည့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပိတ်ပွဲတွင် အခြေခံပညာအထက်တန်း/အလယ်တန်းဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် အ.ထ.က(ဟိုပန်) အသင်းနှင့် အ.လ.က(ကောင်းကော်)အသင်းတို့ ယှဉ်ပြိုင်ကစားရာ အ.လ.က(ကောင်းကော်)အသင်းက (၁း၀) ဂိုးမရှိဖြင့် အနိုင်ရရှိဗိုလ်စွဲခဲ့ပါသည်။ ထို့နောက် ဘောလုံးအားကစားပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲတို့တွင် ဆုရရှိသူများကို ဥက္ကဋ္ဌဦးညီနပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကိုဒီဇင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့ထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဟိုပန်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အားကစားနည်း(၁၆)မျိုးကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသူများ၊ ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်