ဘားအံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ် ဘားအံမြို့တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ်/ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် (၈) နာရီအချိန်က ဘားအံပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ပြည်သူ့ အကျိုးပြု စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အရေးပေါ်လူနာများအတွက် လိုအပ်သည့်သွေများ ထုတ်ယူအသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဘားအံအပါအဝင် ကရင်ပြည်နယ် အတွင်း မြို့နယ်(၇)မြို့နယ်၊ မြို့များနှင့် ကျေးရွာများရှိ နယ်မြေခံရဲစခန်းများမှ စုစုပေါင်း သွေးလှူဒါန်းမှု (၈၁)ဦးသည် သက်ဆိုင်ရာဒေသအလိုက် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံ များတွင် သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် အကူရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးကျော် မျိုးမြင့်ထံမှ သိရသည်။
အဆိုပါနေ့က ဘားအံ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ပြည်နယ်/ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးစစ်ဆေးမှုများခံယူကြပြီး တပ်ဖွဲ့ဝင်(၄၂)သည် စုပေါင်းသွေးလှူဒါန်းကြရာ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီးသန်းဝင်း၊ ပြည်နယ်ဆေးရုံ အုပ်ကြီး ဒေါက်တာဘရန်အောက်တို့က ကြည့်ရှုအားပေးကြပြီး ကြက်ဥ၊ အချိုရည်များ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)