ဘားအံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး စကားဝိုင်း ကျင်းပ

ဘားအံ ဒီဇင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်များဗလငါး တန်ဖွံ့ဖြိုးရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမင်းကျော် ဉာဏ်ခိုင်ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးကလူငယ်များဟာ နိုင်ငံရဲ့အနာဂတ်ဖြစ်သည့် အတွက် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ အမိနိုင်ငံတော်ကို ကမ္ဘာအလယ်မှာ ဝင့်ထည်စွာ ရပ်တည်နိုင်အောင် ကြိုးစားသွားရမှာဖြစ်သည့် အတွက် လူ့လောကတွင် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ အရေးကြီးကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဇလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များ ဖြစ်လာစေရန်စကားဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းလူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade-11 မှ မောင်မျိုးဇာနည်ဦးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ  မောင်မျိုးဆက်အောင်က လူငယ်နှင့် ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မလန်းဖြာခြည်က လူငယ်နှင့်စာပေခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-10မှ မောင်ဟိန်းမြတ်ခန့်က လူငယ်နှင့်လူမှုဆက်ဆံရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-9 မှ စောသူမြတ်လင်းက လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 မှ မောင်ပုညကျော်က လူငယ်နှင့်အိုင်တီနည်းပညာဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများမှ သိရှိလို သည်များ ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကရင်ပြည်နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)