လင်းခေးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ် ရှားမှု အထိမ်းအမှတ်အခမ်းအနားနှင့် ကျား/မရေးရာ အကြမ်းဖက်မှုဆိုင်ရာအသိ ပညာပေးသင်တန်းဖွင့်ပွဲ ပြုလုပ်

လင်းခေး ဒီဇင်ဘာ

လင်းခေးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားနှင့် ကျား/မရေးရာ အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ၁နာရီက လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ လင်းခေးခရိုင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကော်မ တီဥက္ကဋ္ဌ၊ခရိုင် အုပ်ချုပ်ရေးမှူးဦးနေဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားပထမပိုင်းအစီအစဉ်ကို ရုတ်သိမ်းခဲ့ပါသည်။

ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (ကျား/မ)ရေးရာ အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးသင်တန်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါသင်တန်း၌ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီး အရာရှိ ဒေါ်ချိုချိုလွင်က (၁၆)ရက်တာလှုပ်ရှားမှု ရည်ရွယ်ချက်၊ ကျား/မအခြေခံသော အကြမ်းဖက်မှုအကြောင်း၊ အကြမ်းဖက်မှု အမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားခြင်း၏ သေစေနိုင်သော အကျိုးအဆက်များနှင့် သေစေနိုင်မှုမရှိသော အကျိုးအဆက်များ၊ GBVခံစားခဲ့ရသူများအား စောင့်ရှောက်ပေးရန် လမ်းညွှန်သဘောတရားများ၊ လူမှုဝန် ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော အကြောင်းအရာများနှင့် အမျိုးသမီး အကြမ်းဖက်မှုဖြစ်ပွားခဲ့ပါက Help line နံပါတ်များနှင့် သက်ဆိုင်ရာ လူမှုဝန်ထမ်း ဦးစီးဌာနများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ လင်းခေးမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းနှင်းဝေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှား မှု၏ သမိုင်းကြောင်း၊ ၁၆ရက်တာကာလအား အစွဲပြု၍ ခေါ်ဝေါ်သော အထိမ်းအမှတ်နေ့စွဲ များအကြောင်း၊ ၂၀၂၂ခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ဆောင်ပုဒ်များအကြောင်း သိကောင်းစရာများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားနှင့် သင်တန်းဖွင့်ပွဲသို့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပြီး ၊သင်တန်းကာလ(တစ်ရက်) တာဖြစ်ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)